ULA/AA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် သဘောထားထုတ်ပြန်ကြေညာချက်

အမှတ် ၁/၂၀၁၆ ၁၃၇၇-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၃)ရက် (၂၀၁၆-ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်) ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာစစ်တပ်တို့သည် ရခိုင်ပြည်၊ ကျောက်တော်မြို့အနီး ရမ်းချောင်းတောင်တန်းတဝိုက်တွင် ၂၀၁၅-ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့မှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ရက်သတ္တပတ် ၁-ပတ်ကျော်ကြာသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယခုအချိန်တွင် မြန်မာ့တပ်မတော်ဖက်မှ ပြည် (ဒကစ)၊ တပ်မ-၆၆ မှ တပ်များကိုပါ ထပ်မံအင်အားဖြည့်တင်းပြီး စစ်ဆင်ရေးကြီးများကို ဆက်တိုက်ပြုလုပ်လာနေပါသည်။ တိုက်ပွဲအတွင်းတွင် မြန်မာစစ်တပ်သည် လူအင်အား၊ လက်နက်ကြီးများကို အများအပြားသုံးပြီး တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့ဖက်မှ အရာရှိကြီးများအပါအဝင် အင်အား(၁၅၀)ကျော် ကျဆုံးပြီး (၂၀၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ရက္ခိုင့်တပ်မတော်အနေဖြင့် မြန်မာစစ်တပ်ဖက်မှ လက်ပစ်ဗုံး၊ မြေမြှုပ်မှိုင်း၊ RPG ၊ အမြောက်ဆံ၊ လက်နက်ငယ်ကျည်ဆံ၊ လက်နက်ကြီးဗုံးသီးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ ရိက္ခာများကို သိမ်းဆည်းရမိခဲ့ပါသည်။ တိုက်ပွဲကာလအတွင်းတွင် မိမိတို့ဖက်မှ ရဲဘော်(၁)ဦးနှင့် အခြားအဆင့်(၁)ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပါသည်။ ၂၀၁၆ ဇန်နဝါရီလ (၇)ရက်နေ့တွင် မြန်မာအစိုးရပိုင် “ မြဝတီ” သတင်းစာတွင် မိမိတို့ ရက္ခိုင့်တပ်မတော်အား အခြေအမြစ်မရှိသည်များကို စွပ်စွဲ၊ ဝါဒဖြန့်ရေးသားနေမှုများမှာ ရက္ခိုင့်တပ်မတော်၏ နိုင်ငံရေး၊ အမျိုးသားရေး ရပ်တည်ချက်များကို နိုင်ငံတကာမှ အထင်အမြင်သေးပြီး သေးသိမ်စေရန်နှင့် ပြဿနာများကို ပိုမိုရှုပ်ထွေးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်လာနေသည်ဟု သုံးသပ်မိပါသည်။ ဤသည်မှာ နိုင်ငံပိုင်အစိုးရသတင်းစာတစ်ရပ်၏ တာဝန်မဲ့ရေးသားမှုများပင်ဖြစ်ပါသည်။ အထက်ပါ မမှန်မကန်စွပ်စွဲဝါဒဖြန့်ရေးသားမှုနှင့်ပတ်သက်၍ မိမိတို့ရက္ခိုင့်တပ်မတော်သည်- - အမျိုးသားတန်းတူရေးနှင့်လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးတို့အတွက် မလွှဲမရှောင်သာတိုက်ပွဲဝင်နေရခြင်းဖြစ်ပြီး ရခိုင်ပြည်နှင့် ရခိုင်လူထု၏အကျိုးစီးပွားကို မည်သည့်အခါတွင်မှ ပျက်ပြားအောင်လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ - ၎င်းတို့စွပ်စွဲထားသော ကုလားဆိုးအကြမ်းဖက်အဖွဲ့အစည်းများ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ထိတွေ့ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း (လုံးဝ လုံးဝ) မရှိပါ။ အထက်ပါကိစ္စရပ်မျိုးများကိုလည်း မည်သည့်အခါတွင်မှ ပြုလုပ်လိမ့်မည်မဟုတ်ဆိုသည်ကို မိဘပြည်သူတစ်ရပ်လုံးအား လေးစားစွာ အသိပေးအပ်ပါသည်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသများ၌ ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများသည် နိုင်ငံရေးကိုအခြေခံ၍ ဖြစ်ပွားလျှက်ရှိသော ပြည်တွင်းစစ်ပဋိပက္ခတိုက်ပွဲများသာဖြစ်သည်။ ၎င်းပြဿနာများကို အဖြေရှာရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲဖြစ်ပွားရာဒေသများမှ သက်ဆိုင်ရာ Stakeholders တိုင်းရင်းသားများ အားလုံးပါဝင်ပြီး နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှသာ ပြေလည်နိုင်မည်ဟု မိမိတို့ရက္ခိုင့်တပ်မတော်အနေဖြင့် ယုံကြည်ပါသည်။ မြန်မာအစိုးရနှင့် မြန်မာစစ်တပ်ထဲမှ အဓိကတာဝန်ရှိသူ ခေါင်းဆောင်များသည် နိုင်ငံရေးကိုအခြေခံ၍ ဖြစ်ပေါ်လာသော ပြဿနာအဝဝကို နိုင်ငံရေးအရဖြေရှင်းရန်မကြိုးစားဘဲ ခေါင်းမာစွာဖြင့် စစ်ရေးအရအင်အားသုံးဖြေရှင်းနေသမျှကာလပတ်လုံး မိမိတို့တိုင်းရင်းသားများ အချင်းချင်းအကြားတွင် မလိုလားအပ်သော သွေးမြေကျမှု၊ ကျဆုံးမှု၊ နာကျင်ကြေကွဲမှုနှင့် အမုန်းတရားများကိုသာ ပို၍ဖြစ်ပွားစေပါသည်။ မြန်မာစစ်တပ်သည် တိုင်းရင်းသားဒေသအသီးသီးရှိ ကျေးရွာများတွင် စစ်ဆင်ရေးကာလအတွင်း၌ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာသားများအား လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ရွာသားများပိုင်ဆိုင်သော ကျွဲ၊ နွား၊ တိရစ္ဆာန်များကိုသတ်စားခြင်း၊ ဆန်စပါးများကို ယူငင်သုံးစွဲခြင်း၊ တိုင်းရင်းသူများအား မုဒိမ်းကျင့်ခြင်းအစရှိသော စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ရခိုင်ကျေးရွာများတွင် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်ကျူးလွန်ခဲ့မှုများအား ပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းလျှက် စနစ်တကျမှတ်တမ်းတင်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားပါမည်။ ထို့အပြင် မိမိတို့ ရခိုင်လူမျိုးများ၏ အမျိုးသားရေးနစ်နာချက်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA) အနေဖြင့် ဆက်လက်တောင်းဆိုဆောင်ရွက်သွားမည်ဖြစ်သည်။ မိမိတို့ ရက္ခိုင့်တပ်မတော်သည် စစ်မှန်သောငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါသည်။ ထို့ကြောင့် နှစ်ပေါင်း (၆၀)ကျော်ကြာဖြစ်ပွားလျှက်ရှိသော ပြည်တွင်းစစ်ပြဿနာများ၊ နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုးအတွက် ဖိတ်ခေါ်မည်ဆိုပါက အချိန်တိုင်းတွင် အဆင်သင့်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ United League Of Arakan / Arakan Army ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်မတော် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo. ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo.

on Monday, January 18, 2016

0 comments

Post a Comment